မန်ယူ အသင်း ခေါင်းဆောင် နီမန်ဂျာ ဗီဒစ် က ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အဖြစ် ကစားခဲ့သည့် မန်ယူ နှင့် ဂါလာတာစာရေး အသင်းတို့ ပွဲစဉ်တွင် ဧည့်သည် ဂါလာတာစာရေး အသင်း အနေဖြင့် ပင်နယ်တီ ပြစ်ဒဏ် ရရှိခဲ့သင့်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပွဲအစပိုင်း ၃ မိနစ်ခန့်၌ ဧည့်သည် ဂါလာတာစာရေး အသင်း တိုက်စစ်မှုး အူမစ် ဘူးလာဒ် ထိုးဖောက်မှုကို မန်ယူ နောက်ခံလူ ဗီဒစ် မှ ဖျက်ထုတ်ရာတွင် ဘောလုံးမထိမိပဲ ဘူးလာဒ်၏ ခြေကျင်းဝတ်ကိုသာ ထိခိုက်မိပြီး ဘူးလာဒ်မှာလည်း လဲကျသွားခဲ့သည်။ သို့ရာတွင် ကွင်းလယ်ဒိုင် ဝုဒ်ဂန် စတက် က အဆိုပါ ဖြစ်ရပ်ကို ပင်နယ်တီ ပြစ်ဒဏ် အဖြစ် သတ်မှတ် မပေးခဲ့၍ မန်ယူ အသင်းမှာ အခွင့်အရေးကောင်း ရရှိခဲ့သည်။
ပွဲအပြီး တွင် ဗီဒစ် က “ကျွန်တော့်ရဲ့ ဖျက်ထုတ်မှုက ပင်နယ်တီ ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ကွင်းလယ်ဒိုင် အတွက် ခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီဖြစ်ရပ်ကို သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ဟန် မတူပါဘူး။ ကျွန်တော်တို့ အသင်းအနေနဲ့လည်း ပင်နယ်တီ တစ်ဂိုးလောက် ထပ်မံ ရခဲ့သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ လိုချင်တဲ့ အနိုင်ရလာဒ် ကို ရအောင်ယူနိုင်ခဲ့တာ ကျေနပ်စရာပါ။ ကျွန်တော်တို့ အနေနဲ့ ဒုတိယပိုင်း ပွဲအစ ၁၀ မိနစ် နဲ့ ၁၅ မိနစ်ခန့် အတွင်း ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ ဂိုးကိုလည်း ရသင့်တဲ့ အချိန်မှာ ရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် လို ပြိုင်ပွဲမှာ အဖွင့် ပွဲစဉ်တိုင်းဟာ ခက်ခဲလေ့ရှိပါတယ်။ အခုတော့ ကျွန်တော်တို့ အကောင်းဆုံး စတင်နိုင်ခဲ့ပါပြီ။ အမှားတစ်ချို့ လုပ်ခဲ့မိသလို ခံစစ်ပိုင်း အနေနဲ့ စိတ်ကြိုက် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရမှတ် ၃ မှတ် ရရှိခဲ့တာက အဓိက ရည်ရွယ်ချက်ပါ။ ဒါကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။” ဟု သတင်းထောက်များကို ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။
ဒါ့အပြင် ပွဲချိန်အတွင်း မန်ယူ အသင်းအနေဖြင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့် တစ်ကြိမ် ရရှိခဲ့သော်လည်း အသင်း၏ တောင်ပံ ကစားသမား လူးဝစ် နာနီ ၏ ကန်ချက်ကို ဂါလာတာစာရေး ဂိုးသမား ဖာနန်ဒို မူဆလီရာ မှ ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့သည်။ မန်ယူ အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ် နှင့် ယခု ချန်ပီယံလိဂ် ပွဲစဉ် အပါအဝင် ပင်နယ်တီ ကန်သွင်းခွင့် ၃ ကြိမ် ရရှိခဲ့သော်လည်း မန်ယူ ကစားသမားများသည် ဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ အဆိုပါ ဖြစ်ရပ် အပေါ် နီမန်ဂျာ ဗီဒစ် က
“ကျွန်တော်လည်း နိုင်ငံ အသင်းအတွက် ပင်နယ်တီ တစ်ကြိမ် လွဲချော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ဆုံး ၆ လ အတွင်း ပင်နယ်တီ လွဲချော်ဖူးတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သေချာတာကတော့ ကျွန်တော်တို့အနေနဲ့ သေချာတဲ့ အဆုံးသတ် ဖြစ်လာအောင် ကြိုးစားရမှာပါ။” ဟု သူ၏ အမြင်အား ထုတ်ဖော် ပြောကြားသွားခဲ့သည်။

အဲလောက်လဲ ပွဲမကြမ်းပါနဲ့ ခေါင်းဆောင်ဂျီးရယ်