မန်ယူ အသင်း ၏ ဘယ်နောက်ခံ လူသစ် အလက်ဇန္ဒား ဘတ်နာ က အသင်း၏ စီနီယာ ကစားသမား ဖြစ်သူ ပက်ထရစ် အီဗရာ သည် မိမိ အတွက် နေရာလုဘက် မဟုတ်ပဲ မိမိအား ခြေစွမ်း တိုးတက်အောင် ကူညီ လမ်းညွှန်မှု ပေးနိုင်သူ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါသည်။ ဘတ်နာ သည် မန်ယူ အသင်းသို့ ယခုနှစ် ရာသီ မှ ရောက်ရှိလာသူ ဖြစ်ပြီး နည်းပြကြီး ဖာဂူဆန်က အသင်း ဘယ်နောက်ခံ နေရာတွင် အီဗရာ ၏ အရန် အဖြစ် အသုံးပြုရန် ရည်ရွယ်ထားသူ ဖြစ်သည်။ ပြီးခဲ့သည့် ဝီဂန် အသင်း နှင့် ပွဲစဉ်၌ အသင်း အတွက် ပထမဆုံး ပွဲထွက် ပါဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ကာ ဂိုးတစ်ဂိုး ပါသွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။
ဘတ်နာ က “ယူနိုက်တက်ဟာ ကျွန်တော့် မိသားစုလို ဖြစ်နေပါပြီ။ ဒီကို ရောက်လာချိန်မှာ ဒီမှာ ရှိတဲ့သူတွေ အကုန်လုံး ကျွန်တော့်ကို နွေးထွေးစွာ ကြိုဆိုပြီး အစစ အရာရာ ကူညီပေးပါတယ်။ အသင်းရဲ့ နည်းပြတွေရော ၊ ကစားသမားတွေ အားလုံးက အစ ဖော်ရွေကြပါတယ်။ အထူးသဖြင့် ကျွန်တော်နဲ့ ကစားရတဲ့ နေရာတူတဲ့ ပက်ထရစ် ဟာ ဆု ကျွန်တော့်ကို လေ့ကျင့်ရေး ကွင်းမှာ ခြေစွမ်း တိုးတက်လာဖို့ ကူညီပေးသူပါ။ ဒီအတွက် သူ့ကို အရမ်း ကျေးဇူးတင်မိပါတယ်။ တကယ်လို့ ကျွန်တော် ပါဝင်ခွင့် ရခဲ့မယ်ဆိုရင် သူ့ရဲ့ လမ်းညွှန်မှုကြောင့် တိုးတက်လာတဲ့ ကျွန်တော့်ရဲ့ ခြေစွမ်းကို ပြသသွားပါမယ်။” ဟု ဖွင့်ဟ ပြောကြားသွားခဲ့ကြောင်း သိရသည်။

စီနီယာဆီက အတွေ့အကြုံကောင်းတွေ သင်ယူစရာရှိတာတွေ သင်ထားကွာ………